Sunday, February 1, 2009

Universal Declaration Of Human Right ( အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတမ်း )

Photobucket

( ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတမ်း....၁၉၄၈ ခုနှစ် ၊ ဒီဇင်ဘာလ ၊ ၁၀ရက် )

စကားချီး.....

လူခပ်သိမ်း၏ မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှ ခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ ၏အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း၊

လူ့ အခွင့်အရေးများကိုအရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမူများကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊လွတ်လပ်စွာဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ ခြင်း၊ ချို့ ငှဲ့ ခြင်း တို့ မှကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့ က မိမိတို့ ၏ အထက်သနှ်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ် ကြွေးကြော် ကြေညာထားပြီးဖြစ်သောကြောင့်လည်းကောင်း

လူခပ်သိမ်းတို့ သည် တရားလက်လွတ် နှိပ်စက်ကလူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှင်းပန်းမှုတို့ ကို နောက်ဆုံး မလွဲသာမရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း ၊ ပုန်ကန်ခြင်းမပြုစေရန် လူ့ အခွင့်အရေးများကို ဥပဒေဖြင့်ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်သောကြောင့်လည်းကောင်း

နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့်လည်းကောင်း

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ ဝင်တို့ သည် မူလ လူ့ အခွင့်အရေးများကိုလည်းကောင်း၊ လူ၏ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောကျာ်း မိန်းမတို့ ၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ အတည်ပြုပြီးဖြစ်သည့်အပြင်၊ လူမှုကြီးပွားတိုးတက် ရေးနှင့်တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ ဘ၀အဆင့်အတန်းတို့ ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့်လည်းကောင်း

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံတို့ သည် ကုလသမဂ္ဂအဖွဲ့ နှင့်ပူးပေါင်းပြီး လူ့အခွင့်အရေးများကိုလည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကိုအားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း

ထို့ ကြောင့် ..... အထွေထွေညီလာခံက

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း၊ အဖွဲ့ အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတစ်ဝန်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမသွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့ ၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါအခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့် ပြန့်  ထိရောက်စွာ သိမှတ်ကျင့်သုံးစောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့  အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့  တစ်ပြေးညီစွာ ဆောင်ရွက်နိုင်ကြစိမ့်သောငှာ ယခုထုတ်ပြန်ကြေညာလိုက်သည်။

အပိုဒ် ( ၁ )
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီ လွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့ တွင်ပိုင်းခြားဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ်သိတတ်သောစိတ်တို့ ရှိကြပြီး ထိုသူတို့ သည် အချင်းချင်းမေတ္တာထားကာ ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ် ( ၂ )
လူတိုင်းသည် လူ့ အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့်အားလုံးတို့ ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား ၊ မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးယူဆချက် သို့ တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ နိုင်ငံနှင့်ဆိုင်သော သို့ တည်းမဟုတ် လူမှုအဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ်အားဖြင့်ဖြစ်စေ၊ ပစ္စည်းဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိ အားဖြင့်ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာ နိုင်ငံ၏
သို့ တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်း ဆိုင်ရာဖြစ်စေ အဆင့်အတန်းတစ်ခုခုကို အခြေပြုလျက်သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နယ်မြေ သို့ တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်းစောင့်ရှောက်ထားရသည့်နယ်မြေ သို့ တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာတို့ တစ်စိတ်တစ်ဒေသ လောက်သာ ရရှိသည့် နယ်မြေစသဖြင့် ယင်းသို့ သော နယ်မြေများဖြစ်သည်၊ မဖြစ်သည်ဟူသော အကြောင်းကို အထောက်အထားပြုကာခွဲခြားခြင်းလုံးဝမရှိစေရ။

အပိုဒ် ( ၃ )
လူတိုင်းတွင်အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ် ( ၄ )
မည်သူကိုမျှ ကျေးကျွန်အဖြစ် သို့ တည်းမဟုတ် အစေအပါးအဖြစ် နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ။ လူကိုကျေးကျွန်သဖွယ် အဓမ္မစေခိုင်းခြင်း၊ အရောင်းအ၀ယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူသမျှကိုပိတ်ပင်တားမြစ်ရမည်။

အပိုဒ် ( ၅ )
မည်သူကိုမျှ ညှင်းပန်းနှိပ်စက်ခြင်း သို့ တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ၊ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှုမပြုရ၊
သို့ တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ် ( ၆ )
လူတိုင်းသည် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကိုခံယူပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၇ )
လူအားလုံးတို့ သည် ဥပဒေအရာ၌် တူညီကြသည့်အပြင် ဥပဒေ၏အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန၍ခွဲခြားခြင်းမှလည်းကောင်း ထိုသို့ ခွဲခြားခြင်းကို လှုံ့ ဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၈ )
ဖွဲ့ စည်းပုံအခြေခံဥပဒေကသော်လည်းကောင်း အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေးများသည် ချိုးဖောက်ဖျက်ဆီးခြင်း ခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရနိုင်စေရမည်။

အပိုဒ် ( ၉ )
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

အပိုဒ် ( ၁၀ )
အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း ပြစ်မှုကြောင့် တရားစီရင်ဆုံးဖြတ်ခံ ရာတွင်လည်းကောင်း လူတိုင်းသည် ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့ မှောက်တွင် မျှတစွာ ကြားနာ စစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၁၁ )
( ၁ ) လူအများရှေ့ မှောက်၌် ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျုးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့်အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ယူဆခြင်း ခံထိုက်သည့် အခွင့်အရေးရှိသည်။ထိုအမှု ကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးအပ်ပြီးဖြစ်စေရမည်။
( ၂ ) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ ပြစ်မှုမမြောက်သော လုပ်ရပ် သို့ မဟုတ် ပျက်ကွက်မှုအရ စွဲဆိုအပြစ်ပေးခြင်း မပြုရ။ ထို့ အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက် ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

အပိုဒ် ( ၁၂ )
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကိုသော်လည်းကောင်း ၊ မိမိ၏ မိသားစုကိုသော်လည်းကောင်း၊ မိမိ၏ နေအိမ်အသိုက်အ၀န်းကိုသော်လည်းကောင်း ၊ စာပေးစာယူကိုသော်လည်းကောင်း ဥပဒေအရမဟုတ်သော ၀င်ရောက်စွက်ဖက်ခြင်း မခံစေရ။ ထို့ အပြင် မိမိ၏ ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့  ၀င်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၁၃ )
( ၁ ) လူတိုင်းတွင် မိမိ၏ နိုင်ငံနယ်နိမိတ်အတွင်း ၌လွတ်လပ်စွာ သွားလာရွေ့ ပြောင်းနိုင်ခွင့်၊ နေထိုင်နိုင်ခွင့်ရှိရမည်။
( ၂ ) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာသွားပိုင်ခွင့်ရှိသည့်အပြင် မိမိ၏ တိုင်းပြည်သို့  ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ( ၁၄ )
( ၁ )လူတိုင်းသည် ညှင်းပန်းနှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များတွင် အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
( ၂ ) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း ၊ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်နှင့် သဘောတရားများကိုဖီဆန်သော အမှုများမှ သော်လည်းကောင်း အမှန်ပေါ်ပေါက်လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ( ၁၅ )
( ၁ ) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
( ၂ ) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့် လွတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ်ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် (၁၆ )
( ၁ ) အရွယ်ရောက်ပြီးသော ယောကျာ်းနှင့်မိန်းမတို့ တွင် လူမျိုးကိုသော်လည်းကောင်း နိုင်ငံသားအဖြစ်ကိုသော်လည်းကောင်း ကိုးကွယ်သည့်ဘာသာကိုသော်လည်းကောင်း အကြောင်းပြုလျက် ချုပ်ချယ် ကန့် သတ်ခြင်းမရှိဘဲ ထိမ်းမြားနိုင်ခွင့်နှင့်မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောကျာ်းနှင့်မိန်းမတို့ သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန်အတွင်းတွင်လည်းကောင်း ၊ အိမ်ထောင်ကိုဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါတွင်လည်းကောင်း လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
( ၂ ) သတို့ သားနှင့်သတို့ သမီးတို့  နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကိုပြုလုပ်ရမည်။
( ၃ ) မိသားစုတစ်ခုသည် လူ့ အဖွဲ့ အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့ အဖွဲ့ အစည်းနှင့် အစိုးရ
တို့ ၏ကာကွယ်စောင့်ရှောက်ခြင်းကိုခံယူခွင့်ရှိသည်။

အပိုဒ် ( ၁၇ )
လူတိုင်းတွင် မိမိတစ်ဦးချင်း သော်လည်းကောင်း အခြားသူများနှင့်ပူးတွဲလျက်သော်လည်းကောင်း ပစ္စည်းဥစ္စာတို့ ကိုပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့် လွတ်ခြင်းမခံစေရ။

အပိုဒ် ( ၁၈ )
လူတိုင်းတွင် လွတ်လပ်စွာတွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်ပိုင်ခွင့် လွတ်လပ်စွာသက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေး များးတွင် မိမိကိုးကွယ်သည့်ဘာသာ သို့ တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့်ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်း ဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍်ဖြစ်စေ ပြည်သူအများရှေ့ မှောက်တွင် သော်လည်းကောင်း ၊ ရှေ့ မှောက်တွင် မဟုတ်ဘဲသော်လည်းကောင်း မိမိကိုးကွယ်သော ဘာသာကို သို့ တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့် ကျင့်သုံးနိုင်ခွင့် ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့ လည်းပါဝင်သည်။

အပိုဒ် ( ၁၉ )
လူတိုင်းတွင် လွတ်လပ်စွာထင်မြင်ယူဆနို်င်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများတွင် အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်ပါဝင်သည့်အပြင် နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့် ချိခွင့် တို့ လည်းပါဝင်သည်။

အပိုဒ် ( ၂၀ )
( ၁ ) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့ စည်းနိုင်ခွင့်တို့ ရှိသည်။
( ၂ ) မည်သူကိုမျှ အဖွဲ့ အစည်းတစ်ခုသို့  ၀င်စေရန် အတင်းအကျပ် မပြုရ။

အပိုဒ် ( ၂၁ )
( ၁ ) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှတစ်ဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်။
( ၂ ) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့ ၌ ၀င်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
( ၃ ) ပြည်သူပြည်သားတို့ ၏ ဆန္ဒသည် အုပ်ချုပ်မှုအာဏာ၏ အခြေခံဖြစ်ရမည်။အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲ များဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ ဝှက်မဲပေးစနစ်ဖြင့်ဖြစ်စေ အလားတူလွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် (၂၂ )
လူတိုင်းတွင် လူ့ အဖွဲ့ အစည်း၏ အဖွဲ့ ဝင်တစ်ဦးအနေဖြင့် လူမှုရေး လုံခြုံခွင့်ရယူပိုင်ခွင့် ရှိသည့်အပြင် နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ နိုင်ငံအသီးသီး၏ ဖွဲ့ စည်းပုံနှင့်လည်းကောင်း သယံဇာတ အင်အားနှင့်လည်းကောင်း ထိုလူ၏ဂုဏ်သိက္ခာနှင့် စရိုက် လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ် လိုအပ်သော စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၃ )
( ၁ ) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း မိမိနှစ်သက်ရာ အသက်မွေးမှုအလုပ်အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန်လည်းကောင်း တရားမျှတပြီး လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန်လည်းကောင်း အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
( ၂ ) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
( ၃ ) အလုပ်လုပ်ကိုင်သောလူတိုင်းတွင် မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ ဂုဏ်သိက္ခာနှင့်ညီအောင်နေထိုင်စားသောက်နိုင်ရန် စိတ်ချလုံလောက်သည့် အပြင် တရားမျှတပြီးလုပ်ပျော်သော လစာကြေးငွေရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေးအထောက်အပံ့ကိုလည်း ထပ်မံပြီး ရနိုင်ခွင့်ရှိသည်။
( ၄ ) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများ ဖွဲ့ စည်းခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ( ၂၄ )
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ သတ်မှတ်ထားသည့် အလုပ်လုပ်ချိန် အပြင် လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များ ပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ( ၂၅ )
( ၁ )လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့် ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစာအဟာရ အ၀တ်အထည် နေအိမ် ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှုအထောက်အပံ့များပါဝင်သည့် သင့်တော်လျောက်ပတ်သော လူမှုအဆင့်အတန်းကို ရယူခံစားပိုင်ခွင့်ရှိသည်။ ထို့ ပြင် အလုပ်လက်မဲ့ဖြစ်သောအခါတွင်လည်းကောင်း မကျန်းမမာ ဖြစ်သောအခါတွင် လည်းကောင်း ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သောအခါတွင်လည်းကောင်း မုဆိုးမဖြစ်သောအခါတွင်လည်းကောင်း အသက်အရွယ်အိုမင်းသောအခါတွင်လည်းကောင်း မိမိကိုယ်တိုင်က မတတ်နိုင်သောအခါတွင်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
( ၂ )
သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကိုရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့် ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှုကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ( ၂၆ )
( ၁ ) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်။ အနည်းဆုံး မူလတန်းနှင့်အခြေခံအဆင့် အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရသောပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့်အသက်မွေးမှုပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြုလျက် တူညီသော အခွင့်အရေး ရရှိရမည်။
( ၂ )
ပညာသင်ကြားရေးကို လူသားတို့ ၏ စရိုက်လက္ခဏာ အပြည့်အ၀ တိုးတက်မှုအပြင် လူ့ အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ ကို ရှင်သန်ဖွံ့ ဖြိုးလာစေရန် ရည်ရွယ်လျက်သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့ တွင် လည်းကောင်း လူမျိုးစုများတွင်လည်းကောင်း ဘာသာရေးအသင်းအဖွဲ့ များတွင်လည်းကောင်း အချင်းအချင်းနားလည်မှု သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ ကို အားပေးရမည်။ ထို့ ပြင် ငြိမ်းချမ်းရေးကိုတည်တံ့အောင် ဆောင်ရွက်ရန်အလို့ ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။
( ၃ )
မိဘတို့ တွင် မိမိတို့ ၏ ကလေးများသင်ယူမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦးအခွင့်အရေးရှိရမည်။

အပိုဒ် ( ၂၇ )
( ၁ ) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှုလောကတွင် လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့်၊ သုခုမပညာရပ်များကိုလွတ်လပ်စွာလိုက်စားမွေ့ လျော် နိုင်ခွင့်၊ခေတ်မှီနည်းပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ၀င်ရောက်လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
( ၂ ) လူတိုင်းတွင် ခေတ်မှီနည်းပညာမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ မိမိ ကိုယ်ပိုင်ဥာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့်ငွေကြေးအကျိုးအမြတ်များကို ရယူခံစားနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် ( ၂၈ )
လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံရယူနိုင်သော လူမှုဆက်ဆံရေးအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအခြေအနေတို့ ၏ အကျိုးကျေးဇူးများကို ခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် (၂၉ )
( ၁ ) မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့ အသိုက်အ၀န်းအတွက် လူတိုင်းတွင် တာဝန်ရှိသည်။
( ၂ ) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည် အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ ငှာလည်းကောင်း ဒီမိုကရေစီကျင့်သုံးသော လူ့ အဖွဲ့ အစည်းတွင် ကိုယ်ကျင့်တရားအပြင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုးစီးပွား ဖြစ်ထွန်းရေးတို့ အတွက် တရားမျှတစွာ ကျင့်ဆောင်ရန်အလို့ ငှာလည်းကောင်း ဥပဒေက ပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့် သတ် ခြင်းခံရမည်။
( ၃ ) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လည်းကောင်း အခြေခံမူများနှင့်လည်းကောင်း ဆန့် ကျင်၍ မသုံးစွဲရ။

အပိုဒ် ( ၃၀ )
္မဤကြေညာစာတမ်းပါ အခွင့်အရေးများနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ ကို ရည်ရွယ်၍ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း ၊ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း သတ်မှတ်နားလည်ခြင်းမရှိစေရ။

..................................... ( ၁၉၄၈.... ဒီဇင်ဘာလ....၁၀ ).............................................................

No comments: